ရှောက်ရွက်မွှေးမွှေးနဲ့ ကျန်းမာရေး
အသုပ်လေးထဲ ထည့်စားစား၊ အသားစွပ်ပြုတ်လေးထဲ ခတ်သောက်သောက် မွှေးကြိုင်မှုကို ပေးစွမ်းတဲ့ ရှောက်ရွက်လေးကို ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံးသိထားပြီး ဖြစ်မှာပါ။
အခုတစ်ခါတော့ ရှောက်ရွက်လေးကို စားပေးရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးထူးတွေ ရနိုင်မလဲဆိုတာကို လေ့လာလိုက်တော့နော်။
ရှောက်ရွက်ဆိုတာက ရှောက်သီးသီးတဲ့ ရှောက်ပင်ရဲ့ အရွက်ပါ။ အစိမ်းရောင် ရှိပြီး ရနံ့မွှေးသလို စားလိုက်ရင် ပူရှိန်းရှိန်းလေးပါ။ အရွက်နုလေးတွေကို တို့စားလို့ ရသလို အသုပ်ထဲ ထည့်စားလို့လည်း ရပါတယ်။ အရွက်ရင့်တွေကိုတော့ တုန်ယမ်း ဟင်းချိုအပါအဝင် ပင်လယ်စာ အရည်သောက်တွေထဲမှာ ထည့်ချက်စားလို့လည်း ရပါတယ်။
ဖျားနာမှု ကင်းစေတယ် - ရှောက်ရွက်က ဗီတာမင် စီ ကြွယ်ဝတဲ့ အရွက် တစ်မျိုးဖြစ်ပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
အနာကျက်စေတယ် - ရှောက်ရွက် သတ္တုရည်က ထိခိုက်ရှနာ ဒဏ်ရာတွေကို ပိုးသတ်ပေးပြီး အနာကျက် မြန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပန်းနာရင်ကြပ် သက်သာစေတယ် - ရှောက်ရွက်ကို ချောင်းဆိုးတာနဲ့ ပန်းနာရင်ကြပ် သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
သွေးကြောတွေ ကျန်းမာစေတယ် - ရှောက်ရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးကြောတွေကို ကျန်းမာစေတာပါ။ သွေးကြောတွေ သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
အသားအရေ ကျန်းမာစေတယ် - ရှောက်ရွက်က ဖလေဗာနွိုက် ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ် - ရှောက်ရွက်က အရွက်ဖြစ်တာကြောင့် အမျှင်ဓာတ် ကြွယ်ဝပြီး အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မအီမသာဖြစ်တာကို သက်သာစေတယ် - ညီးစီစီ ဖြစ်တာ၊ အန်ချင်တာလိုမျိုး မအီမသာဖြစ်တာတွေကို သက်သာစေဖို့အတွက်လည်း ရှောက်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
နှလုံး ကျန်းမာစေတယ် - သွေးတိုးကျစေသလို သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးတဲ့ ရှောက်ရွက်က နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ် - ခန္ဓာကိုယ်မှာ နုံးချိပြီး ခြေကုန်လက်ပမ်း ကျနေပြီဆိုရင် ရှောက်ရွက်ရေနွေးကြမ်း နွေးနွေးလေးကို သောက်ပေးလိုက်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်တာကို သက်သာစေမှာပါ။
ကင်ဆာ ကာကွယ်ပေးတယ် - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ရှောက်ရွက်က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်တာကို သက်သာစေတယ် - ခေါင်းကိုက်နေတာကို သက်သာစေဖို့အတွက် ရှောက်ရွက်ကို ရှူပေးတာ၊ ရှောက်ရွက်ရေနွေးကြမ်းကို သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေတယ် - ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲ ထည့်ပြီး သောက်ပေးတာက နည်းလမ်းကောင်းပါ။ ဒီတော့ ခေါင်းတစ်ခြမ်း ကိုက်နေပြီဆိုရင် ရှောက်ရွက်လေးကို သတိရလိုက်ပါ။
ရှောက်ရွက်လေးက ရနံ့လေးတင် မွှေးတာမျိုး မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အခုလို ထောက်ကူပေးပါသေးတာမို့ မကြာခဏ မှီဝဲသုံးဆောင်ပေးဖို့လည်း တိုက်တွန်းချင်ပါတယ်နော်။
မွန်မွန်